Thursday 4 June 2015

မြန်မာဆိုပြီး ဆုကြေညာလိုက်တော့ အရမ်းလည်း အံ့သြသွားတယ်။ မျက်ရည်လည်းကျမိတယ်














မြန်မာနိုင်ငံ၏ အလှမယ်သမိုင်းတွင် ပထမဆုံးသရဖူဖြစ်သည့် မစ္စ Asia Pacific
World အလှမယ်ဆုကို ပြီးခဲ့သည့်နှစ် ယခုလိုအချိန်တွင် မေမြတ်နိုးက
ကိုရီးယားနိုင်ငံမှ ရယူလာနိုင်ခဲ့သလို ယခုနှစ် မေလကုန်ပိုင်းက
ကိုရီးယားနိုင်ငံတွင်ပြုလုပ်သည့် Luxury Brand Model Awards 2015
မော်ဒယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်သည့်
ဇွန်သံစဉ်က ပြိုင်ပွဲမှပေးအပ်သည့် အမြင့်ဆုံးသရဖူဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး
မြန်မာ့ဂုဏ်ကို ဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် ၎င်းယှဉ်ပြိုင်ခဲ့သည့်
ပြိုင်ပွဲအတွေ့အကြုံများနှင့် ရှေ့ဆက်မည့် အနုပညာခရီးလမ်းအကြောင်းတို့ကို
သရဖူရယူပြီး မေလ ၃၁ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့်
အလှမယ်ဇွန်သံစဉ်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။


မေး-
ဇွန်သံစဉ် ပြိုင်ပွဲဝင်ခဲ့တဲ့ Luxury Brand Model Awards 2015
ပြိုင်ပွဲအကြောင်းနဲ့ ရခဲ့တဲ့ဆုတွေအကြောင်း အရင်ဆုံးပြောပြပေးပါလား။


ဖြေ- ဒီပွဲက နိုင်ငံတကာက အနုပညာကျောင်းဆင်းတွေ ယှဉ်ပြိုင်တဲ့ပွဲပါ။
ညီမကိုယ်တိုင်လည်း အနုပညာကျောင်းဆင်းဖြစ်တဲ့အတွက် ဒီပွဲလေးကို
ယှဉ်ပြိုင်ဖြစ်တာပါ။ ဒီပြိုင်ပွဲမှာရခဲ့တဲ့ ဆုတွေက Luxury Brand Model
Awards 2015 Winner ဆုနဲ့ Beautiful Model Star ဆိုတဲ့ ဆုနှစ်ဆုရခဲ့တာပါ။
ဒီပြိုင်ပွဲမှာ ဆုရခဲ့တဲ့အတွက် Luxury Brand Model အဖွဲ့အစည်းနဲ့
ပူးပေါင်းပြီး အင်တာနေရှင်နယ် မော်ဒယ်အဖြစ် ဆက်ပြီးရပ်တည်သွားမှာပါ။


မေး- Luxury Brand Model အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး လုပ်သွားမယ်ဆိုတာက
ဘယ်လိုအနုပညာလှုပ်ရှားမှုတွေ လုပ်သွားဖို့ရှိတာလဲ။ မြန်မာနိုင်ငံမှာ
လုပ်မှာလား။ ကိုရီးယားမှာ လုပ်မှာလား။

ဖြေ- Luxury Brand Model
အဖွဲ့အစည်းနဲ့ပေါင်းပြီး ကိုရီးယားနိုင်ငံမှာပဲ အင်တာနေရှင်နယ်မော်ဒယ်အဖြစ်
ဆက်ရပ်တည်သွားမှာပါ။ အခုလောလောဆယ်တော့ ဒီမှာ ကျောင်းမပြီးသေးတဲ့အတွက်
ကိုရီးယားမှာ သွားမနေနိုင်သေးဘူး။ အဲဒါကြောင့် ပွဲတွေရှိလို့
ညီမကိုခေါ်တဲ့အခါ ကိုရီးယားကိုသွားပြီး ပွဲတွေတက်မယ်။ ပွဲတွေလျှောက်မယ်။
နောက်ပြီး Sponser Night ပါတီမှာလည်း သူတို့က ညီမကို ကိုရီးယားမှာ
သရုပ်ဆောင်ခွင့် Certificate လိုင်စင်ပေးပါတယ်။

အဲဒါကြောင့် ကိုရီးယားမှာ သရုပ်ဆောင်ခွင့်လည်းရမှာပါ။ မြန်မာနိုင်ငံမှာတော့ လုပ်နေကျ အလုပ်တွေ ဆက်ပြီးလုပ်သွားမှာပါ။

မေး- ဒီပြိုင်ပွဲယှဉ်ပြိုင်ခဲ့ချိန်က အတွေ့အကြုံတွေနဲ့ အမှတ်တရလေးတွေရှိရင် ပြောပြပေးပါလား။


ဖြေ- ဒီပြိုင်ပွဲက နိုင်ငံတကာက အနုပညာရှင်တွေနဲ့ ဆုံတွေ့ခွင့်ရတယ်။
လာပြိုင်တဲ့သူတွေအားလုံးက Super Star တွေချည်းပဲ။ အဲဒီအပြင် နိုင်ငံတကာနဲ့
ပြိုင်ပွဲဝင်တဲ့အခါမှာလည်း ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေရှိတယ်။
ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက်က ဘယ်လိုအချက်အလက်တွေ
ပြည့်စုံသင့်တယ်ဆိုတာတွေ အများကြီးသိလာပါတယ်။


ဆုနှင့်အတူ တွေ့ရသည့် ဇွန်သံစဉ်

မေး- ပြိုင်ပွဲတစ်လျှောက်မှာကော ဘယ်အချိန်က ရင်အခုန်ဆုံးဖြစ်ခဲ့လဲ။ ဆုရမယ်လို့ကော မျှော်မှန်းထားခဲ့လား။


ဖြေ- စပြိုင်တုန်းက တခြားနိုင်ငံတွေက Super Star တွေပါတာဆိုတော့
အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ သူတို့ခေါ်တဲ့ Training ပိုင်းတွေ၊
နောက်ပြီး Swim Suit (ရေကူးဝတ်စုံ)တွေနဲ့လည်း ဓာတ်ပုံတွေရိုက်ရတယ်။
အဲဒီအချိန်တွေမှာ အကောင်းဆုံးပြင်ဆင်သွားတယ်။ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုရှိရှိနဲ့ အကောင်းဆုံး လုပ်ဆောင်သွားတယ်။ အဲဒါကြောင့်လည်း
ရလဒ်ကောင်းရခဲ့တာလို့ထင်ပါတယ်။ ရင်အခုန်ဆုံးအချိန်ကတော့ နောက်ဆုံး Top 4
(ဆန်ခါတင်လေးဦး)ရွေးပြီး The Last One (ဆုရှင်) ကျန်နေတဲ့အချိန်ပါ။
အဲဒီအချိန်မှာ ပရိသတ်တွေအတွက်ရော၊ မြန်မာနိုင်ငံအတွက်ရော
အရမ်းဆုလိုချင်တယ်။ အရမ်းလည်း ကြိုးစားထားတဲ့အတွက် ရလဒ်ကောင်းလိုချင်မိတယ်။
အဲဒီအချိန်မှာ မြန်မာဆိုပြီး ဆုကြေညာလိုက်တော့ အရမ်းလည်းအံ့ဩသွားတယ်။
မျက်ရည်လည်းကျမိတယ်။ မျက်ရည်ကျတဲ့အတွက် စိတ်လည်း တော်တော်ထိန်းလိုက်ရတယ်။
ဘယ်လိုမှမမေ့နိုင်တဲ့ အမှတ်တရတစ်ခုပါပဲ။

မေး- ရေကူးဝတ်စုံနဲ့
အင်တာဗျူးလုပ်တဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာ
ဖြန့်ဝေထားတာလည်းတွေ့ရတယ်။ ရေကူးဝတ်စုံဝတ်ဖို့ မြန်မာအမျိုးသမီးတွေက
ရှက်တယ်ဆိုတာမျိုး ရှိတယ်ဆိုတော့ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်သွားနိုင်ဖို့ ဘယ်လောက်ပြင်ဆင်ခဲ့ရလဲ။


ဖြေ- ရေကူးဝတ်စုံဝတ်ဖို့က ကိုယ့် Body ကို အရင်ဆုံး Perfect
ဖြစ်အောင်လုပ်တယ်။ ကိုယ့် Body Perfect ဖြစ်နေရင်၊ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုရှိနေရင် ရှက်တဲ့စိတ်လည်း မရှိတော့ဘူး။ ကြောက်တဲ့စိတ်လည်း
မရှိတော့ဘူး။ နောက်ပြီး ဟိုနိုင်ငံမှာက အားလုံးဝတ်နေကြတာဖြစ်တဲ့အတွက်
တန်းတူလိုဖြစ်နေတယ်။ ထူးထူးခြားခြားဖြစ်မနေတဲ့အတွက် ရှက်တဲ့စိတ်မရှိပါဘူး။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့က ကိုယ့်ခန္ဓာကိုယ်ကို အဆီမရှိအောင်
လေ့ကျင့်ထားတာဖြစ်တဲ့အတွက် သူတို့လုပ်ခိုင်းတဲ့ ပို့စ်တွေလည်း
လုပ်နိုင်ခဲ့တယ်။

မေး- ကိုရီးယားမှာ Asia New Star Model ပြိုင်ဖူးတာဆိုတော့ အဲဒီပွဲနဲ့ အခုပွဲက ဘာတွေကွာခြားမှုရှိလဲ။


ဖြေ- ကွာခြားမှုကတော့ ထွေထွေထူးထူးတော့မရှိပါဘူး။ Asia New Star Model
ပြိုင်ပွဲတုန်းက အစမ်းလေ့ကျင့်ပြီး ချက်ချင်းသွားပြိုင်ရတယ်။ ပြီးတော့
ချက်ချင်းပြန်လာရတယ်။ ဒီပွဲကတော့ လေးရက်စခန်းသွင်းတဲ့ သဘောမျိုး
စပွန်ဆာကုမ္ပဏီတွေမှာ ဓာတ်ပုံတွေ ရိုက်ရတယ်။ အဲဒီတော့
ပြိုင်ပွဲဝင်တွေအချင်းချင်း ရင်းနှီးမှုတွေရတယ်။ နောက်ပြီး
ပြိုင်ပွဲပြီးတဲ့အချိန်မှာလည်း နှစ်ရက်ဆက်နေရတယ်။ အဲဒါကြောင့်
တခြားပွဲတွေနဲ့မတူဘဲ Winner ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ အားလုံးက Winner
ဖြစ်တဲ့လူကိုလည်း Warmly Welcome ဖြစ်တယ်။ သူတို့နိုင်ငံရဲ့
စိတ်ဓာတ်တွေကိုလည်း သိရတယ်။ ထူးခြားတဲ့ ပွဲလေးပါ။ ပျော်ဖို့လည်း
ကောင်းပါတယ်။

မေး- Asia New Star Model ပြိုင်ပွဲတုန်းကလည်း Title
ဆုတစ်ဆုရသလို ဒီပြိုင်ပွဲမှာလည်း ဆုရခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ကလုပ်ခဲ့တဲ့
မယ်စကြဝဠာ မြန်မာပြိုင်ပွဲမှာတုန်းက ပရိသတ်အားပေးမှုရခဲ့ပေမယ့်
ဆုနဲ့လွဲချော်ခဲ့တယ်ဆိုတော့ အလှမယ်နဲ့ မော်ဒယ်ပြိုင်ရတာ
ဘယ်လိုကွာဟမှုတွေရှိတယ်လို့ ထင်လဲ။

ဖြေ- Miss နဲ့ Model က
အများကြီးကွာခြားမှုတော့ မရှိပါဘူး။ Miss နဲ့ Model က ဆက်စပ်နေတာပဲလေ။ Model
မှာ Catwalk လျှောက်ရသလို Miss ကလည်း Catwalk လျှောက်ရတာပဲ။ Model က Miss
လိုတော့ ပြည့်ပြည့်တင်းတင်းမဟုတ်ဘူး။ သူတို့က ပိန်မှကြိုက်တယ်။ အဲဒါကြောင့်
ဒီပြိုင်ပွဲအတွက် သေသေချာချာ Diet (ကိုယ်အလေးချိန်လျှော့ခြင်း)လုပ်ပြီး
သွားပြိုင်ခဲ့ပါတယ်။

မေး- ကိုရီးယားနဲ့ မြန်မာကြားမှာက
သရဖူအရှုပ်တော်ပုံကိစ္စရှိခဲ့ဖူးတော့ အဲဒီကိစ္စရှိခဲ့ဖူးတော့ အဲဒီကိစ္စက
ဒီပြိုင်ပွဲအပေါ်မှာ သက်ရောက်မှုရှိခဲ့လား။

ဖြေ- အရင်ပွဲနဲ့ ဒီပွဲနဲ့က ဘာမှမဆိုင်ပါဘူး။ လူချင်းလည်းမတူဘူး။ ပြိုင်ပွဲချင်းလည်းမတူတဲ့အတွက် ဘာမှထူးခြားမှုမရှိပါဘူး။


မေး- ဒီပြိုင်ပွဲကို စေလွှတ်ခဲ့တဲ့ မလှနုထွန်းတို့က
သူတို့အကျိုးအမြတ်အတွက်မဟုတ်ဘဲ မေတ္တာနဲ့ကူညီတာလို့ပြောထားတာဆိုတော့
မလှနုထွန်းတို့အဖွဲ့အစည်းနဲ့ကော ဆက်ပြီးလက်တွဲလုပ်ကိုင်သွားမှာလား။


ဖြေ- ကိုရီးယားက Luxury BrandModel အဖွဲ့အစည်းနဲ့ပဲ ပူးပေါင်းပြီး
လုပ်သွားမှာပါ။ မြန်မာနိုင်ငံမှာလုပ်တဲ့ လုပ်ငန်းတွေကိုတော့ တီချယ်လှနုနဲ့
တိုင်ပင်ပြီး လုပ်သွားမှာပါ။

မေး- နောက်ဆုံးအနေနဲ့ ဇွန်သံစဉ်ကို အားပေးနေတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေးပြောပေးပါဦး။


ဖြေ- ညီမကို မော်ဒယ်စလုပ်ကတည်းက ပြိုင်ပွဲတိုင်းကို
အားပေးတဲ့ပရိသတ်တွေရှိတယ်။ ပြိုင်ပွဲတိုင်းကိုလည်း ဆုရစေချင်တဲ့
ပရိသတ်တွေရှိတယ်။ အခုပရိသတ်တွေ ဖြစ်စေချင်တဲ့အတိုင်း ကိုရီးယားမှာ
ဆုရလာခဲ့တယ်။ အဲဒီအတွက် အရမ်းဝမ်းသာတယ်။ ဆက်ပြီးတော့လည်း
အားပေးကြပါဦးလို့။

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

http://ift.tt/1dOWAf0


Original source: Venuscurves

No comments:

Post a Comment